24 February 2008

ဗုဒ္ဓ၀င်(ဘုရား)ဖြစ်စဉ် အကျဉ်းချုပ်


အင်တာနက်ကို လျှောက်လည်ရင်း ရိုးရိုးလေးတို့ ကိုးကွယ်နေတဲ့ ဘုရားရှင်ရဲ့ Biographyကို မှတ်သားခဲ့ရတာကို သူငယ်ချင်းများကိုလည်း ကိုယ်ကိုးကွယ်တဲ့ ဘုရားရှင်ရဲ့ Bioကို မသိက သိစေလိုသော ဆန္ဒဖြင့် ပြန်လည် ရေးသားထားခြင်းဖြစ်ပါသည်။

၁၊ ဗျာဒိတ်(ဘုရားဖြစ်ရန် စတင်)ခံယူသောဘ၀- သုမေဓာရသေ့ ဘ၀။
၂၊ ဗျာဒိတ်ပေးသောဘုရား- ဒီပင်္ကရာ အစပြု၍ ကဿပဘုရားရှင်အထိ ၂၄ဆူ။
၃၊ ပါရမီ(ဘုရားဖြစ်ရန်ကုသိုလ်)ဖြည့်ဖတ်မိဖုရား- (ဗျာဒိတ်ခံစဉ်) သုမိတ္တာ အမျိုးသမီး၊ “ယသောဓရာအလောင်း”။
၎၊ ပါရမီဖြည့်ရာကြာချိန်ကာလ- လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း။ (သုမေဓာရသေ့ဘ၀မှ ဝေဿန္တရာမင်းဘ၀အထိ)။
မှတ်ချက်။ ။(၁-အသင်္ချေသည် ၁-နောက် သုညပေါင်း ၁၄၀-ဟုကြားဘူး၏)
၅၊ ပါရမီဖြည့်ရခြင်း ရည်ရွယ်ချက်- သတ္တ၀ါများ အကျိုးဆောင်ရွတ်ရန်။
၆၊ ပဋိသန္ဓေမယူမီဘ၀- သေတကေတုအမည်ရှိ နတ်သားဘ၀။
၇၊ ဘုရားဖြစ်ရေး ပဋိသန္ဓေယူရန်တောင်းပန်လျှောက်ထားသူ- စကြာဝဠာ တိုက်တစ်သောင်းမှ နတ်ဗြဟ္မာများ။
၈၊ ကြည့်ခြင်းကြီး ငါးပါး- (ဘုရားအလောင်းပဋိသန္ဓေနေမည့်အချိန် ကာလစသည် ကြည့်ခြင်းကိုဆို) (၁) ဘုရားဖြစ်ရာ အခါကာလ၊ (၂) ဖြစ်ရာကျွန်း၊ (၃) အရပ်ဒေသ၊ (၄) အမျိုးအနွယ်၊ (၅) မယ်တော်၏အသက်။(မယ်တော်သည် ဘုရားဖွားမြင်ပြီး ၇-ရက်သာနေသည်)။
၉၊ နေပြည်တော်- ကပိလ၀တ္ထု (သက္ကလတိုင်း၊ မဇ္ဈိမတိုင်းဒေသ)။
၁၀၊ မိဘအမည်- သုဒ္ဓေါဒနမင်း၊ မာယာဒေ၀ီမိဖုရား။
၁၁၊ မိထွေးတော်-ပဇာပတိဂေါတမီ။
၁၂၊ ပဋိသန္ဓေယူသောနေ့- ကြာသာပတေးနေ့၊ ၀ါဆိုလပြည့်၊ မဟာသက္ကရာဇ် ၆၇-ခု၊
၁၃၊ ဖွားမြင်သောနေ့- သောကြာနေ့၊ ကဆုန်လပြည့်၊ မဟာသက္ကရာဇ် ၆၈-ခု၊
(The Buddha was born in B.C 623.)
၁၄၊ ဖွားမြင်ရာဌာန- နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ် (ကပိလ၀တ်ပြည်နှင့် ဒေ၀ဒဟပြည် အကြား)
၁၅၊ ဖွားဖက်တော် ၇-ပါး (ဘုရားနှင့် တစ်နေ့တည်းဖွားမြင်/ ပေါ်ပေါက်လာသော)
၁၊ ညီတော်အာနန္ဒာ၊
၂၊ ဗောဓိပင်၊
၃၊ ကာဠုဒါယီအမတ်၊
၎၊ ယသော်ဓရာမိဖုရား၊
၅၊ ဆန္နအမတ်၊
၆၊ ရွှေအိုးကြီး ၄-လုံး၊
၇၊ ကဏ္ဍကမြင်း။
၁၆၊ လူအမည် သိဒ္ဓတ္ထ။
၁၇၊ ကြင်ရာတော် (Wife) ဘဒ္ဒကဉ္စနာ။(ရွှေလိုလှသူ)။
၁၈၊ သားတော် (Son) ရာဟုလာ။
၁၉၊ ယောက်ဖတော် ဒေ၀ဒတ်။
၂၀၊ နန်းစံနှစ် ၁၃-နှစ် စိုးစံသည်၊ (အသက် ၁၆-နှစ်မှ ၂၉-နှစ်အထိ။)
၂၁၊ နိမိတ်ကြီး ၄-ပါး သူအို၊ သူနာ၊ သူသေ၊ ရဟန်း။
၂၂၊ တောထွက်သောနေ့ -တနင်္လာနေ့၊ ၀ါဆိုလပြည့်၊ မဟာသက္ကရာဇ် ၉၇-ခု၊
(He renounced the world in B.C 594.)
၂၃၊ ဒုက္ကရစရိယာ(ပင်ပန်းခက်ခဲသော)ကျင့်သော ကာလ ၆-နှစ်၊ (မဟာသက္ကရာဇ် ၉၇-ခုမှ ၁၀၃-ခုနှစ် အထိ)။ (Till B.C 588.)
၂၄၊ ဒုက္ကရစရိယာ(ပင်ပန်းခက်ခဲ)ကျင့်သော နေရာ ဥရုဝေလတော။ (ဗုဒ္ဓဂယာအနီး)
၂၅၊ ဘုရားဖြစ်သောနေ့ ဗုဒ္ဓဟူးနေ့၊ ကဆုန်လပြည့်၊ မဟာသက္ကရာဇ် ၁၀၃-ခု၊
(He attained Enlightenment or became Buddha in B.C 588.)
၂၆၊ ဘုရားဖြစ်ချိန် အသက်တော် ၃၅-နှစ်။
၂၇၊ ဘုရားဖြစ်ရာ (အချိန်၌) လူတို့အသက်တမ်း ၁၀၀-တမ်း။
၂၈၊ အလုပ်အကျွေး ပဉ္စ၀ဂ္ဂီ(၅-ဦးအဖွဲ့)ငါးဦး (ဘုရားဖြစ်ရန်ကျင့်စဉ်ကာလ)
၂၉၊ ဓမ္မစကြာတရားဟောနှစ် စနေနေ့၊ မဟာသက္ကရာဇ် ၁၀၃-ခု၊ ၀ါဆိုလပြည့်၊
(He preached Dhammacakka in B.C 588.)
၃၀၊ ပရိနိဗ္ဗာန်ပြု(ကွယ်လွန်)သောနှစ် သက်တော် (၈၀)၊ ၀ါတော် (၄၅)၊ အင်္ဂါနေ့၊
ကဆုန်လပြည့်၊ မဟာသက္ကရာဇ် ၁၄၈-ခု၊ (အိန္ဒိယနိုင်ငံ၊ ကုသိနာရုံ)။
(He passed away in B.C 543.)
၃၁၊ အလောင်းတော် တေဇောဓာတ်သင့်(မီးသင်္ဂြိုဟ်) သောနေ့ တနင်္ဂနွေနေ့၊ ကဆုန်လဆုတ် ၁၂-ရက်၊ မဟာသက္ကရာဇ် ၁၄၈- ခု။
သတ္တ၀ါအားလုံး ကျန်းမာ ချမ်းသာကြပါစေ. . .
...May All beings Be Happy...

13 February 2008

ကိုယ့်မော်ဒယ်လ် မအောက်ဖို့...


ရိုးရိုးလေး မနက်ဖြန် ၂၀၀၈ခု ချစ်သူများနေ့ဖြစ်သဖြင့် သူငယ်ချင်းအချို့ထံ E-cardများ ပို့ပြီး
ဝက်ဘ်ဆိုက်များကို လျှောက်ကြည့်ရင် မျက်စိလည်ကာ တရားတော် ၀က်ဘ်ဆိုက် တစ်ခုသို့ ရောက်သွားခဲ့ပါသည်။
မျက်စိလည်ရောက်သွားတဲ့ဆိုက်လို့ ကျွန်တော် ပြောရတာက-ဒီလိုပါ- ကျွန်တော်တို့လို လူငယ်တွေက တရားနဲ့ပတ်သက်တဲ့ဝက်ဘ်ဆိုက်ဆို တမင်တကာ လည်ပတ်တဲ့သူ တော်တော်ရှားမယ်ထင်လို့ပါ။ မျက်စိလည်ရောက်မှပဲ ၀င်ကြည့်တတ်ကြလို့ပါ။ ၀င်ရောက်သွားပြန်တော့လည်း ကိုယ်နဲ့မဆိုင်သလို ဖြစ်တတ်ကြတာများပါတယ်။ ငယ်ရွယ်တဲ့အချိန်မှာ တရားနဲ့ မဆိုင်သေးဘူးဆိုတဲ့ မြန်မာတွေရဲ့ အယူအဆတစ်ခုကလည်း ရှိနေလို့လဲဖြစ်မှာပါ။ ရိုးရိုးလေးလည်း တရားကို သိသူတော့ မဟုတ်ပါဘူး။ မေမေ့ကျေးဇူးမေတ္တာကြောင့် တရားစာပေကိုတော့ ရင်းနှီးခဲ့တာ ကြာပါပြီ။ ကိုယ်စွမ်းနိုင်သရွေ့လည်း တရားစာပေများကို လေ့လာဖြစ်ခဲ့ပါတယ်။
ကျွန်တော်ရောက်သွားခဲ့တဲ့ ဆိုက်က ITထွန်းကားတဲ့ခေတ်မှာ ITမှ ရှောင်ထွက်ပြီး ITထက်သာတဲ့ BEYOUND IT ကို ဦးတည်လျှောက်လှမ်းနေတဲ့ ဆရာတော် ဦးဆန္ဒာဓိကရဲ့ အနှိုင်းမဲ့ စာကြည့်တိုက်လို့ ပြောရမည့် “ရွှေပါရမီဝက်ဘ်ဆိုက်”ပါ။ ရိုးရိုးတို့လို (IT မဟုတ် EYEကျွမ်း)လူငယ်တို့အတွက် အတုယူစရာ အဖြစ် စံနမူနာတွေ ထားသိုရာပါ။
ကျွန်တော် ဒီရွှေပါရမီဆိုက်ထဲမှာ ဆရာတော်ရဲ့ စာအုပ်အချို့ကို ဒေါင်းလော့လုပ်/ဖတ်လည်း ဖတ်ရှုရင်း ၁နာရီကျော်လောက် ကြာသွားခဲ့ပါသည်။ သူငယ်ချင်းတွေကို SHAREလုပ်လိုတဲ့အတွက် ကျွန်တော်ဖတ်လိုက်တဲ့ ဆရာတော်ရဲ့ “မော်ဒယ်အသစ်နဲ့လူ”ဆိုတဲ့စာအုပ်ထဲမှ ထုတ်နှုတ် ဖော်ပြလိုက်ပါတယ်။
ဆရာတော် ပြောထားသည်က- ကျောင်းသားလူငယ်တွေ အပါအ၀င် လူတိုင်းလူတိုင်းကို နေ့စဉ် တရားအလုပ် လုပ်စေချင်တဲ့စိတ် ထက်သန်ဘို့ ဆိုပြီး -လူငယ်တွေ နေ့စဉ် ၀တ်စားဆင်ရင် အသုံးပြုနေတာကို ကြည့်ပြီး-ပြောလိုက်သည်က ““တရားအားထုတ်တယ်ဆိုတာ ကိုယ့်စိတ်ကိုယ် မော်ဒယ်လ်အသစ်လဲတာပါတဲ့””။
လူတွေက နေ့စဉ်အသုံးအဆောင်ပစ္စည်းတွေ သစ်လွင်စေဘို့ မော်ဒယ်လ် အဟောင်းကို ဖြုတ်ပြီး၊ဖယ်ပြီး အသစ်တတ်သလို ကျွန်တော်တို့ရဲ့စိတ်ကိုလည်း ပစ္စည်းမော်ဒယ်နဲ့နှိုင်းယှဉ်ပြလိုက်သည်က-မနေ့ကလည်း ကိုယ့်စိတ်က ဒီမော်ဒယ်လ်၊ ဒီနေ့လည်း ကိုယ့်စိတ်က ဒီမော်ဒယ်လ်ဆိုရင် ကိုယ့်စိတ်ဟာ မော်ဒယ်လ်အဟောင်းကြီး ဖြစ်နေပါတယ်။ မနေ့က စိတ်နဲ့ ဒီနေ့စိတ် အရည်အသွေး တူနေရင် စိတ်မော်ဒယ်လ် ဟောင်းနေတာပါပဲ။ မနေ့က စိတ်ထက် ဒီနေ့စိတ်က အရည်အသွေး ပိုကောင်းရင်တော့ ကိုယ့်စိတ်ဟာ ဒီနေ့ အတွက်တော့ မော်ဒယ်လ်အသစ်ဖြစ်သွားပါပြီ။ နောက် ဆရာတော် ဆက်ပြောထားသည်က-
မနက်ဖြန်စိတ်က ဒီနေ့စိတ်ထက် အရည်အသွေး ပိုကောင်းသွားရင် မနက်ဖြန်မှာ ကိုယ့်စိတ် မော်ဒယ်လ်ပိုမြင့်သွားတာပေါ့။ နေ့တိုင်းနေ့တိုင်း ကိုယ့်စိတ်ကို မော်ဒယ်လ်သစ်သထက် သစ်၊ မြင့်သထက် မြင့်အောင် ကြိုးစားသွားရမှာပါပဲ။ အရေးကြီးဆုံးကတော့ “ဒီနေ့”ပါ။ လောလောဆယ် ကိုယ်နေနေရတာ ဒီနေ့ဖြစ်လို့ ဒီနေ့ ကိုယ့်ရဲ့စိတ် မော်ဒယ်လ် သစ်နေဖို့၊ မော်ဒယ်လ် မြင့်နေဖို့ အဓိကပါတဲ့။
အဲဒီတော့ စက္ကန့်တိုင်း ကျွန်တော်တို့ NEW MODElဖြစ်ဖို့ ဘာဖြုတ်ပြီး၊ ဘာအစားထိုးကြမလဲ?
စိတ်ဝင်စားလို့ အသေးစိပ်ဖတ်ရှုချင်တယ်ဆိုရင်တော့ ရိုးရိုးလေးရဲ့ “ဘလော့ဂ် လင့်ခ်”ကနေတဆင့် “ဘ၀နေနည်း စာကြည့်တိုက်”ကို သွားရောက်ဖတ်ရှုနိုင်ပါတယ်။
ဒီစာအုပ်ကို ဖတ်ရှုရသဖြင့် ရိုးရိုးလေး ခံစားလိုက်ရသည်ကတော့-ဆရာတော်ကို အရင်ကတည်းက ကြည်ညိုလည်း ကြည်ညိုခဲ့၊ နောက်-ဆရာတော်လို ဘ၀မျိုးကိုလည်း ဖြစ်နိုင်ရင် ဖြစ်ဖို့ ရိုးရိုးလေးရဲ့ “အိပ်မက် ကမ္ဘာလေးထဲ”ကနေ မြှော်မှန်းထားသူ ဖြစ်သဖြင့် မျက်စိလည်ရကျိုး နပ်သွားခဲ့ပါသည်….

05 February 2008

စဉ်းစား စရာလေး

သူငယ်ချင်းရေ....

အကောင်းအဆိုး တွေ့ရသမျှ
ဘ၀အတွေ့အကြုံထဲက
လေးနက်တဲ့ အသိအမြင်ကို
ရမှသာ အတွေ့အကြုံဟာ
တန်းဖိုးရှိတယ်
အကောင်းနဲ့တွေ့တဲ့အခါ
မာနကြီးသွားမယ်....
အဆိုးနဲ့တွေ့တဲ့အခါ
စိတ်ဓာတ်ကျမယ်ဆိုရင်
အတွေ့အကြုံဟာ
ဘာ တန်ဖိုးမှ ရှိမှာမဟုတ်ဘူး....စဉ်းစားနော်......

03 February 2008

ကဗျာမမှီ စာမမှီ


ဘ၀ကြီးမှာ အပျော်ရွှင်ဆုံးက အမေ့ရဲ့ သားလေး ဖြစ်ခွင့်ရတာပါပဲ အမေ
ငယ်ငယ်တုန်းတော့ ကြိုက်တတ်ခဲ့တဲ့သီချင်းက တစ်ကိုယ်ရေညများ
အတန်းကျောင်းတက်ချိန် ခံစားတတ်ခဲ့တာက အထီးကျန်
ခုတော့ သံစဉ်မဲ့ တစ်ကိုယ်ရေခန်းမှာ
ဘာသီချင်းမှ မဆိုညည်းဖြစ်တော့ပါဘူး

အမေချော့သိပ်ခဲ့တဲ့ အိပ်ရာဝင်တေးတွေနဲ့
ခုချိန်အထိ မကွယ်ပျောက်သေးတဲ့ အဖေ့ပုံရိပ်တွေဟာ
နာနာကျင်ကျင် ခံစားတတ်လွန်းသူအတွက်
အားတစ်ရပ်ပါပဲ
ကျေးဇူးတင်ပါတယ် မေမေ
မပြည့်စုံပေမယ့် လူဖြစ်လာရတဲ့အတွက်
ရတနာသုံးပါး ဂုဏ်ကျေးဇူးကို အထူးသိနိုင်ခဲ့တဲ့အတွက်
ပြီးတော့….အနားမှာရှိပေးတဲ့အတွက်…

ညတွေရောက်တိုင်း အမေ့နဖူးကို နမ်းမယ်
အမေ အိပ်မက်လှလှမက်ပါစေရယ်ပေါ့
နာကျင်လွန်းလို့ ကျရတဲ့ မျက်ရည်တွေကိုတော့
အမေခြုံပေးတဲ့ စောင်လှလှလေးအောက်မှာပဲ ပျောက်ဆုံးသွားစေချင်ပါတယ်
အမေ့အတွက် အလက်ဆတ်ဆုံး ပြုံးပြနိုင်အောင်လေ….

သားမွေးနေ့ရောက်တော့မယ်နော် မေမေ
သူငယ်ချင်းတွေရဲ့ မွေးနေ့ဆုတောင်းဆိုတာ မရှိခဲ့ဖူးလို့
အရူးတစ်ယောက်လိုလည်း မမျှော်တော့ပါဘူး
ခါတိုင်းလိုပဲ မေမေ ဖေဖေတို့နဲ့အတူ သားတို့ ဘိုးဘွားရိပ်သာကို သွားကြမယ်
ဘိုးဘိုး ဘွားဘွားတွေကို အလှူဒါနပြုကြမယ်လေ
တကယ်တော့ သတ္တ၀ါဆိုတာ အဓိပ္ပါယ်ထပ်တူပဲ မဟုတ်လား….

ပျော်ရွှင်ပါစေ မေမေ
စက္ကန့်တိုင်း မိနစ်တိုင်း
ရောင်နီပေါ်တိုင်း ဆည်းဆာရောက်တိုင်းပေါ့
အလိုအပ်ဆုံး ဆုတစ်ခုသာ တောင်းခွင့်ရခဲ့ရင်
မေမေ့လို တော်တဲ့ သားလေး ဖြစ်ချင်ပါတယ် အမေ…