23 March 2008

သူငယ်ချင်းထံမှ အီး ရွှေပေလွှာလေးတစ်စောင်

လွန်ခဲ့သော ၃လလောက်က H.Kမှာရောက်နေတဲ့ သူငယ်ချင်းထံမှ E-mailတစ်ဆောင်ရခဲ့ပါတယ်။ သူရဲ့E-mailထဲမှာ သူနှိုင်းယှဉ်ရေးထားတဲ့ အချက်လေးတွေက လူငယ်တွေအတွက်ကျိုးစားစရာ, ပြုပြင်စရာတွေ, စံနမူယူစရာတွေဖြစ်နေသဖြင့် ရိုးရိုးလေး သူငယ်ချင်းများအားလည်း အားတတ်ကျိုးစားစရာအဖြစ် ဒီနေရာလေးကနေshareလုပ်လိုက်ပါတယ်။ သူရေးသားနှိုင်းယှဉ်ပြထား လေးတွေကတော့:::
ချမ်းသာတဲ့တိုင်းပြည်နဲ့ ဆင်းရဲတဲ့တိုင်းပြည်များ အကြောင်းတဲ့၊ စဉ်းစားဖို့ .... တဲ့၊ ပြီးတော့ - လက်တွေ့လုပ်ဖို့ဆိုပြီး သူ့စာကိုစထားတယ်။ ဆင်းရဲတဲ့တိုင်းပြည်နဲ့၊ ချမ်းသာတဲ့တိုင်းပြည် ဘာကွာသလ၊ဲ အသက်နဲ့ပြောတာ ၊ တိုင်းတာ တော့ဟုတ်မယ်မထင်ဘူး။ အိန္ဒိယတို့၊ အီဂျစ်တို့ဆိုတာ၊သက်တမ်းနှစ်ထောင်ကျော်နေပြီ။ဒါပေမယ့် ဘယ်မှာချမ်းသာသေးလို့လဲ? တဘက်မှာတော့ ကနေဒါတို့၊ သြစတြေးလျတို့၊ နယူးဇီလန် တို့ဆိုတာရှိပါရော့လား? သက်တမ်း (၁၅၀)လောက်ပရှဲိသေးတယ်။ အခုဖွံ့ဖြိုးတဲ့တိုင်းပြည်၊ ချမ်းသာတဲ့တိုင်းပြည်ဖြစ်နေကြပြီ။ ဆင်းရဲတာ၊ ချမ်းသာတာဟာ၊ သယံဇာတ ပိုင်ဆိုင်မှုနဲ့ရော သက်ဆိုင်သလား? နယ်ပယ် အကျယ်အ၀န်းကြောင့်လား? ဂျပန်နိုင်ငံဆို မြေက ကျဉ်းကျဉ်းလေးပဲရှိတာ၊ တောင်တွေက (၈၀) % နေရာယူထား သေးတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးတွေလုပ်ဖို့ ဘယ်မှာနေရာရှိလို့လဲ။ ဒါပေမယ့် ကမ္ဘာပေါ်မှာဒုတိယအကြီးဆုံး စီးပွားရေးအဆောက်အအုံဖြစ်နေပြီ။ ပင်လယ်တောင်မြေဖို့ပြီးလေဆိပ်လုပ်ရမြို့တည်ရနဲ့ သူတို့ခမျာများ ရေပေါ်မြို့၊ ရေပေါ်စက်ရုံ ကြီးကိုဖြစ်လို့။ တစ်ကမ္ဘာလုံးက ကုန်ကြမ်းတွေကိုသွင်းတယ်။ ပြီးတော့ ကုန်ချောထုတ်လုပ်ပြီး ပြန်လည်တင်ပို့ရောင်းချတယ်။ ဆွစ်ဇာလန် နိုင်ငံကိုကြည့်ဦးမလား? ကိုကိုးပင်တော့တပင်မှ၊စိုက်ထားတာမရှိဘူး၊ဒါပေမယ့် ကမ္ဘာပေါ်မှာ အကောင်းဆုံး ချောကလက်တွေကို ထုတ်လုပ်ပေးတယ်။ မြေက ခပ်ကျဉ်းကျဉ်း၊တစ်နှစ်မှာလေးလလောက်ပဲစိုက်ပျိုးရေး၊မွေးမြူရေးလုပ်နိုင်တယ်။ဘယ်လိုလုပ်ပြီးစားလောက် သောက်လောက်ရှိပါ့မလဲ။ ဒါပေမယ့် ကမ္ဘာပေါ်မှာ အရည်အသွေးအကောင်းဆုံးနို့ထွက်ပစ္စည်း တွေကိုထုတ်လုပ်တယ်။နိုင်ငံက ငယ်ပေမယ့် လုံခြုံမှုရှိတယ်။ စည်းကမ်း ရှိတယ်။ လုပ်သားတွေကလည်း နာမည် ကောင်းရှိတယ်။ ဒီတော့ ကမ္ဘာပေါ်မှာ အလုံခြုံ အခိုင်ခံ့ဆုံး မီးခံသေတ္တာ ( world's strong safe)လို့၊ တင်စားရတဲ့ ဘဏ်လုပ်ငန်းတွေထွန်းကားတယ်။ ချမ်းသာတဲ့ တိုင်းပြည်ကလူတွေကဉာဏ်သိပ်ကောင်း၊ သိပ်တော်နေကြလို့လား? ကမ္ဘာတစ်ဝှမ်းမှာ ကျင်းပတဲ့ အစည်းအဝေးတွေမှာ ချမ်းသာတဲ့ နိုင်ငံကရော၊ဆင်းရဲတဲ့နိုင်ငံတွေက ပညာရှင်တွေပါ တန်းတူရည်တူပြောနိုင် ဆိုနိုင် ဆွေးနွေး နိုင်ကြသားပဲ။ ဆင်းရဲတဲ့နိုင်ငံက ပညာရှင်တွေ ညံ့လို့ အိုင်ကျူ နိမ့်လို့လည်း မဖြစ်နိုင်ပါဘူး။ အသားအရောင်တွေ အမျိုးအနွယ်တွေနဲ့လည်းမဆိုင်ပါဘူး။ပျင်းလို့ အလုပ် မလုပ်ချင်လို့လို့ပြောရေAာင်ကလဲ၊ ပျင်းတယ်၊အလုပ်မလုပ်ချင်ဘူး၊လက်ကြောမတင်းဘူးနဲ့ အပြောခံရတဲ့နိုင်ငံကလူတွေ၊ ချမ်းသာတဲ့ ဥရောပနိုင်ငံတွေ ကိုရောက်သွားတဲ့ အခါ အလုပ်လုပ်လိုက်ကြတာမှလွန်ရော။ အဲဒီတိုင်းပြည်တွေ အဓိက အားကိုး အားထားပြုရတဲ့ ကုန်ထုတ်အင်အား စုတွေကိုဖြစ်လို့။
ဒါဖြင့်ဘာတွေခြားနားသလဲ?
အကြောင်းပြချက်တွေ အများကြီးရှိပါလိမ့်မယ် ။ အဲဒီထဲက ထင်ရှားတဲ့ အကြောင်းပြ ချက်တစ်ခုကတော့ ပညာရေးနဲ့ယဉ်ကျေးမှု အပေါ်မှာ အခြေခံပြီးနှစ်ပေါင်းများစွာတည်ဆောက်လာခဲ့တဲ့ စိတ်နေသဘောထား (Attitude) ကွာခြားလို့ပဲဖြစ်ပါသတဲ့။ ချမ်းသာတဲ့ တိုင်းပြည်တွေနဲ့ ဆင်းရဲတဲ့တိုင်းပြည်တွေက လူတွေရဲ့နေပုံထိုင်ပုံတွေကိုနှိုင်းယှဉ်ကြည့်တဲ့အခါ သူတို့ဘ၀မှာ အောက်မှာဖော်ပြမယ့်၊ ဥပဒေသတွေ ကိုတွေ့ရတယ်။ ချမ်းသာတဲ့တိုင်းပြည်ကသူတွေဟာ “န၀ရတ်ကိုးပါး”ပိုင်ဆိုင်ကြ တယ်။
အဲဒီ န၀ရတ်ကိုးပါးကတော့
၁။ ကိုယ်ကျင့်တရားကို အခြေခံဥပဒေသအဖြစ် သဘောထားကြတယ်။
၂။ သိက္ခာသမာဓိရှိတယ်။
၃။ တာဝန်ယူကြ တာဝန်သိကြတယ်။
၎။ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာကြတယ်။
၅။ တခြားနိုင်ငံသားတွေရဲ့ အခွင့်အရေးကိုလည်းလေးစားတယ်။ မထိပါးကြ မချိုး
ဖောက်ကြဘူး။
၆။ အလုပ်ကိုချစ်မြတ်နိုးတယ်။
၇။ စုဆောင်းဖို့၊ ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားကြတယ်။
၈။ ကြီးကြီးကျယ်ကျယ်ပြောင်ပြောင်မြောက်မြောက်အလုပ်လုပ်ချင်တဲ့ဆန္ဒရှိတယ်။
၉။ အချိန်ကိုလေးစားတယ်။
ဆင်းရဲတဲ့နိုင်ငံတွေမှာလဲ အဲဒီ န၀ရတ်ကိုးပါး ကို ပိုင်ဆိုင်တဲ့သူရှိပါတယ်။ ဒါပေမယ့် “ ရှိတော့ရှိတယ် ရှားတယ် ” ဆိုသလို၊ လူနည်းစုပဲ ဖြစ်နေတတ်တယ်။ သဘာဝသယံဇာတကြောင့်လည်းမဟုတ်၊ ကံမကောင်း အကြောင်းမလှ လို့လဲမဟုတ် ၊ စောစောကပြောခဲ့တဲ့ န၀ရတ်ကိုးပါးတွေ၊ စိတ်နေသဘောထားတွေချို့တဲ့နေကြလို့ ဆင်းရဲကြတာ။ ကျွန်တော်တို့မှာ၊ အဲဒီ ဥပဒေသတွေကိုလိုက်လဲ မလိုက်နာချင် သင်လဲသင်မပေးချင်ဖြစ်နေလေကြရောသလား? ကျွန်တော်တို့ငယ်ငယ်က၊ ဒီစာကို ဘယ်နှစ်စောင်ဝေပါ၊ ဝေရင်ဘယ်လိုဖြစ်မယ်၊ ဘယ်လိုချမ်းသာမယ်၊ ထီပေါက်မယ်၊ မဝေရင် ဘာဖြစ်သွားမယ်၊ညာဖြစ်သွားမယ်နဲ့ အခြောက်တွေ အမြှောက်တွေနဲ့ ရွှေပေလွှာတွေဆန်ဆန်ရဘူးတယ်။တစ်ခါနှစ်ခါလောက်တော့ လုပ်ဖူးတယ်ထင်ပါရဲ့နောက်တော့ အသက်တော် တော်ကြီးလာတဲ့အထိ တစ်ခါမျှမလုပ်ဖူးပါဘူး။ ဘာတဲ့ ..........“ဘယ်အကြားအမြင်ပုဂ္ဂိုလ်၏ အိမ်မက်” ဆိုတာမျိုးတွေလေ အံ့သြစရာကောင်းတာက အခုအိုင်တီခေတ် အီလက်ထရွန်းနစ်ခေတ်မှာလဲ နည်းပညာတွေတိုးတက်လာပေမယ့် စိတ်နေစိတ်ထားတွေ သဘောထားတွေ တိုးတက်မလာတာကို အီးရွှေပေလွှာတွေ ဒလဟော ရောက်ရောက်လာတာကြည့်ရင်သိနိုင်တယ်။ စောစောကပြောတဲ့ ဆင်းရဲချမ်းသာနိုင်ငံတွေရဲ့အကြောင်းအပြီးမှာမှတ်ချက် ပေးထားသေးတယ်။ ဒီစာကိုထပ်မဝေရင်ဘာမှမဖြစ်ပါဘူး။ ခွေးလဲမသေ၊လူလဲ အလုပ်မပြုတ်(၇) နှစ်လောက်လဲ ကံဆိုးမိုးမှောင်မကျနိုင်၊ နှာစေးချောင်းဆိုးတောင်ဖြစ်မှာမဟုတ်။ ဒါပေမယ့် ကိုယ့်တိုင်းပြည်ကိုယ် ချစ်တယ်ဆိုရင်တဲ့ (မချစ်တဲ့သူမချစ်ဘူးလို့ ပြောတဲ့သူလဲမတွေ့ဘူးပါဘူး) ဒီစာလေးကို သူငယ်ချင်းများ လက်ထဲရောက်အောင်ပို့ပေးပါ။ စဉ်း စားဆင်ခြင်နိုင်၊ ပြောင်းလဲနိုင်၊ လက်တွေ့လုပ်နိုင်အောင်တဲ့။ တစ်ခုပဲပြောစရာရှိပါတယ်။ သူပြောသလိုပဲလူအများစုက စိတ်နေစိတ်ထားတွေ အားနည်းနေတယ်လို့ ပြောနေချိန်မှာ၊ ဒီစာလေး တစ်စောင်ရောက်သွားတာနဲ့ ပြောင်းလဲသွားမယ်လို့ မျှော်လင့်နိုင်ပါသလား? အဲသလို အကောင်းမမြင်တတ်တာကိုကကိုယ့်ရဲ့ စိတ်နေစိတ်ထားသဘောထား ဆင်းရဲမှုကို ဖော်ထုတ်ပြသရာ ရောက်နေလေမလား?

No comments: