15 January 2008

လူငယ်တို့၏ ပညာရေး ဘယ်လဲ ဘာလဲ?


ပညာသည် အရာရာလော?
ဗြိတိသျှဝန်ကြီးချုပ် “တိုနီဘလဲ”တစ်ခါက ပေါ်လစီမိန့်ခွန်းတစ်ခုတွင် ဤသို့ပြောခဲ့ဖူးသည်။ “ကျွန်တော်တို့မှာ ထိပ်တန်းဦးစားပေးလုပ်ငန်း သုံးခုရှိပါတယ်၊ ဒါတွေကတော့ ပထမ ပညာရေး၊ ဒုတိယ ပညာရေး၊ တတိယ ပညာရေးပါပဲ”… ဟူ၏။ သူ့မိန့်ခွန်းမှာ အဲဒီအချိန်က ဗြိတိသျှလူထု၏ ဟဒယယနှင့် သွားတွေ့သလို၊ ပညာရှင်အသိုင်းအ၀ိုင်း၏ ကောင်းချီးပေးမှုလည်း ရခဲ့ပါသည်။ “ပညာခေတ်”၏ စံပြ၀န်ကြီးချုပ်ဆိုသော အပြောအဆိုမျိုးနှင့်ပင် ချီးကျူးဂုဏ်ပြုကြသည်များ ရှိခဲ့သည်။
သို့နှင့်တိုင် “တိုနီဘလဲ”ကိုသာမက၊ “ပညာခေတ်”တစ်ခုလုံးကိုပင် စိန်ခေါ်လိုက်ဟန်ရှိသည့် စာအုပ်တစ်အုပ်လည်း မကြာခင်နှစ်များသည်က ပေါ်ထွက်လာရာ ပေါ်လစီမိတ်ကာများကြားတွင် အတော်ကလေးလှုပ်သွားသည်ဟု သိရသည်။ အဲဒီစာရေးသူမှာ လန်ဒန်တက္ကသိုလ်မှ သြဇာတိက္ကမကြီးမားသော ပညာရေးပါမောက္ခ “အယ်လစ်ဆန်ဝု(ဖ်)” ALLSON WOLFဲဖြစ်နေပြန်ရာ ပညာလောကအတွက်လည်း အလေးထားစဉ်းစားစရာ ဖြစ်နေခဲ့သည်။ ပါမောက္ခအယ်လစ်ဆန်က ပညာနှင့် စီးပွားရေးကို ချိန်ဆက်စဉ်းစားကြရာမှ ထွက်ပေါ်လာသော ပြဿနာအချို့ကို သုတေသနမှန်ပြားပေါ် တင်လိုက်ခြင်း ဖြစ်သည်။ သူ၏ စာအုပ်အမည်ကပင် မေးခွန်းတစ်ခု ဖြစ်နေသည်။ DOES EDUCATION MATTER? ဟူ၏်။
သို့ဖြင့် “ပညာခေတ်၏ ပညာရေး”EDUCATION IN THE AGE OF KNOWLEDGEတစ်ခုလုံးကိုပင် ပြန်လည် ရီဗျူးလုပ်ကြဖို့ အကြောင်းဖန်လာပါတော့သည်။
ပညာဘိဇနက် {Knowledge Business}
ပြောရလျှင် “၂၁ရာစုမှာ ပညာခေတ် ဖြစ်လိမ့်မည်”ဆိုသော လားရာအမြင်မှာ ၂၀ရာစု ဒုတိယနှစ်ဝက်လောက်ကပင် တွင်ကျယ်ခဲ့ပြီး ဖြစ်ပါသည်။ စက်မှုအရင်းရှင်စနစ် အကျပ်အတည်း၊ စီမံကိန်းစီးပွားရေးအပြိန်နှင့်၊ သတင်းနည်းပညာ တော်လှန်ရေးအရှိန်ရလာခြင်းတို့နှင့်အတူ ပညာခေတ်၏ အခြင်းအရာများလည်း တဖြေးဖြေး ပုံပေးလာခဲ့သည်။ စီးပွားရေးဘ၀တွင် “အသိပညာလုပ်ငန်းများ” KNOWLEDGE INDUSTRIESရှေ့တန်းရောက်လာသည်နှင့်အမျှ စီးပွားရေးတစ်ခုလုံးသည်ပင် ပညာစီးပွားရေး KNOWLEDGE ECONOMYသို့ အသွင်ပြောင်းလာပြီးဟု ကောက်ချက်ချလာကြသည်။ နောက်ဆုံး ဘောဂဘေဒပညာရှင်များကိုတိုင်က “ပညာ” KNOWLEDGEကို အဓိကအကျဆုံး“ထုပ်လုပ်ရေးအရင်းအမြစ်” PRODUCTIVE RESOURCESအဖြစ် သတ်မှတ်လာကြရာ “ပညာရေး”သည်ပင် စီးပွားရေး၊ နိုင်ငံရေး ပေါ်လစီအရပ်ရပ်အတွက် အဓိကနိုင်ဖဲ တစ်ခုလို ဖြစ်လာခဲ့ပါသည်။
သို့နှင့်အမျှ “ပညာရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများ”မှာလည်း မျှော်လင့်ချက် အကောင်းဆုံး၊ စီးပွားရေးလုပ်ငန်းများဖြစ်လာတော့သည်။ အမေရိကန်နိုင်ငံမှ “အပိုလိုအုပ်စု” APOLO GROUPဆိုလျှင် “ဖစ်နစ်တက္ကသိုလ်” UNIVERSITY OF PHOENIXလု အကြီးဆုံး ပုဂ္ဂလိကတက္ကသိုလ်မျိုး ထူထောင်နိုင်သည် အထိ ခြေလှမ်းသွက်လာခဲ့သည်။ ဤလုပ်ငန်းမှ နှစ်စဉ်ဒေါ်လာ (၁၀၈)သန်းမျှပင် အမြတ်ရသည်ဟုလည်း သိရသည်။ သို့ဖြင့် “ပညာဘိဇနက်” KNOWLEDGE BUSINESSမှာ စီးပွားရေးသမားတို့ မျက်စိကျစရာ ဖြစ်လာတော့သည်။
ပညာ၏ “စန်း”မှာ ဤမျှနှင့် ရပ်တန့်နေသည် မဟုတ်ပါ။ “ပညာရေးတွင် များများရင်းနှီးမြှုပ်နှံနိုင်လေ၊ စီးပွားရေး၊ နိုင်ငံရေးတွင် ပို၍ အောင်မြင်မှုရလေ”ဆိုသော လောဂျစ်မှာ ပေါ်လစီမိတ်ကာများကြားတွင် အထူးရေပန်းစားလာသည်။ လူ့အဖွဲ့အစည်း၏ အရပ်ရပ်ပြဿနာအားလုံးကို ပညာဖြင့် ဖြေရှင်းသွားနိုင်လိမ့်မည်ဟူသော မျှော်လင့်စိတ်ကူးများဖြင့် “ပညာ”ကို မဟာဗျူဟာ အသုံးခံပစ္စည်းလို သဘောထားလာကြသည်။ သို့ဖြင့် “ပညာသည် ပါဝါ” KNOWLEDGE IS POWERဆိုသော အဆိုအမိန့်မှာ ပြန်လည် တစ်ခေတ်ဆန်းလာပြီ “ပညာ ပိုလိုက်တစ်” KNOWLEDGE POLITICဆိုသော ဝေါဟာရပင် ဖြစ်တည်လာခဲ့ပါသည်။
သို့သော် ပညာရေးကို ဈေးကွက်ဘောင်သွင်းခြင်းနှင့် နိုင်ငံရေး ဇာတ်သွင်းခြင်းအပေါ် သံသယဖြင့် စောင့်ကြည့်နေကြသည့် ပညာရှင်များလည်း ရှိနေပါသည်။ အထူးသဖြင့် ၂၁ရာစုနှစ်ဦး “ဒေါ့ကွမ်ဈေးကွက်” DOT-COM MARKETအပြိုင်နှင့်၊ စက်တင်ဘာ (၁၁)အရေးအခင်းနောက်ပိုင်းတွင် ဤအသံများမှာ ပိုစိတ်လာသည်နှင့်အမျှ ပိုစူးလာခဲ့သည်ဟု ဆိုကြပါသည်။
ငယ်ရုပ်လူကြီး
ပညာရေးသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် အရေးကြီးသော အရင်းအမြစ်တစ်ခု ဖြစ်လာသည်နှင့်အမျှ လူတစ်ဦးချင်းစီ၏ ဘ၀အာမခံချက်အတွက်လည်း မရှိမဖြစ် အခြေခံဖြစ်လာသည်။ ကျောင်းကောင်းကောင်းမှာ ဘာသာရပ်ကောင်းကောင်းတွင် အမှတ်ကောင်းကောင်းဖြင့် စာမေးပွဲအောင်ရေးသည်သာ ကျောင်းသားများအတွက် တစ်ခုတည်းသော ရည်မှန်းချက်လို ဖြစ်လာရသည်။ ဤနေရာတွင် ကျောင်းကောင်းဆိုသည်မှာ ငွေကုန်ကြေးကျ အများဆုံး၊ နာမည်အကြီးဆုံး ကျောင်းမျိုးကိုဆိုလိုပြီး၊ ဘာသာရပ် ကောင်းကောင်းဆိုသည်မှာလည်း လတ်တလော ဈေးကွက်တွင် ငွေအဖြစ် အလွယ်ဆုံးဘာသာရပ်ကို ဆိုလိုခြင်း ဖြစ်သည်။ သို့ဖြင့် ပညာရေးသည်ပင် အနာဂတ်အဆင့်နေရာတွင် အာမခံချက်တစ်ခုလို ဖြစ်လာရသည်။ POSITIONAL GOODဟု ဆိုပါသည်။ ဤအတွက် နောင်ရေးကို ပူပင်တတ်သော မိဘတိုင်းက မိမိသားသမီးများကို မူကြိုမှစ၍ တက္ကသိုလ်ထိတိုင် တရစပ် မောင်းရတော့သည်။
ဖြစ်လာသော အကျိုးဆက်များမှာ အကောင်းချည်းဟုဆိုရန် ခက်ပါလိမ့်ည်။ ပထမဆုံး သတိပြုလိုက်မိသည့် ရလဒ်မှာ “ရိုးရိုးလေးတို့လို” ကလေးများအတွက် ငယ်ဘ၀များပျောက်ဆုံးသွားခြင်းဟု ဆိုရပါမည်။ “ဆယ်ကျော်သက်မတိုင်မီ အရွယ်များ” PRETEENဆိုလျှင် အပေါင်းအသင်းမဲ့၊ မိခင်ရင်ခွင်ပျောက် ဖြစ်လာပြီး၊ ကွန်ပျူတာနှင့်သာ နှစ်ပါးသွားနေရတော့သည်။ ကွန်ပျူတာ၏ ဘေးထွက် အကျိုးများကို စောင့်ကြည့်လေ့လာနေကြသူ ပညာရှင်များ၏ အဆိုအရ ကလေးငယ်များတွင် အရွယ်မတိုင်မီ မျက်စိမှုန်ခြင်း၊ အ၀လွန်ခြင်းစသော ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ ရနိုင်သလို၊ အထီးကျန်ဆန်ခြင်း၊ သာမန်ကလေးတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေးများ ချို့တဲ့ခြင်းစသော စိတ်ပိုင်းဆိုင်ရာ မလိုလားဖွယ်ရာများ ရှိနိုင်သည်ဟု ဆိုပါသည်။ သို့ဖြင့် “ပညာခေတ်၏ အနာဂတ်ဖန်တီးရှင်များမှာ -တစ်ကိုယ်တော် မှန်ကြောင် ဖတ်တီးလေးများ”ဖြစ်နေတော့သည်။
ဆယ်ကျော်သက်အရွယ် ရောက်ပြန်တော့လည်း လူငယ်ဘ၀၏ ကြည်နူးရင်ခုန်စရာများတွင် မွေ့လျော်ပျော်ပါးချိန်ဟူ၍ မရှိတော့ပါ။ ကြီးမားသောယှဉ်ပြိုင်စိန်ခေါ်မှုများအောက်တွင် အရွယ်ကို စတေးပစ်လိုက်ရပါသည်။ မိမိပတ်ဝန်းကျင်ကိုပင် မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းအဖြစ် မကြည့်မြင်နိုင်ဘဲ ပြိုင်ဘက်အဖြစ်သာ သဘောထားလာကြသည်။ အကျိုးဆက်မှာ “အတ္တဗဟိုပြုလူငယ်များ” SELF CENTERED YOUTHမွေးထုတ်သလို ဖြစ်နေသည်ဟု ဆိုနိုင်သည်။ ဤသို့သော လူငယ်များဖြင့် လူ့အဖွဲ့အစည်းအတွက်လိုအပ်သော “စုပေါင်းစွမ်းအင်” SYNERYကို ဖန်တီးနိုင်ပါမည်လော?။ မေးခွန်းထုတ်ချင်စရာ ဖြစ်လာပါသည်။
စက်ယန္တာရားတက္ကသိုလ်
ပညာရေးကို စီးပွားရေးမျှော်ကိုးချက်များဖြင့် ချိတ်ဆက်ဖန်တီးကြခြင်းသည် ပညာရေး၏ မူလရည်မှန်းချက်ကို ကျဉ်းကျုံ့သွားစေသည်ဆိုသော အကောက်အယူအဆများလည်း ရှိပါသည်။ ပညာရှင်အချို့ဆိုလျှင် ကျဉ်းကျုံ့ရုံမျှမက ပုံပျက်၍ပင်သွားနိုင်သည်ဟူ၍ပင် စိုးရိမ်မကင်း ဖြစ်နေကြသည်။ သိကြပြီးဖြစ်သည့်အတိုင်း စီးပွားရေးတွင် ကိန်းဂဏန်းညွှန်းများကို အားပြုလေ့ရှိကြရာ ပညာရေးလောကတွင်ပ ဤအစဉ်အလာက အရိပ်ထိုးလာသည်။ တိုင်းပြည်စီးပွားရေးအတွက် “ပညာအလုပ်သမား” KNOWLEDGE WORKERမည်၍မည်မျှ လိုမည်ဆိုသော လျာထားချက်ကို ချိန်ရွယ်ပြီး တက္ကသိုလ်တစ်ခုက တစ်နှစ်လျှင် မည်မျှ မွေးထုတ်နိုင်ရမည်ဆိုသော စီမံကိန်းမျိုးတွေ ရှိလာသည်။ စင်စစ် အရေအတွက်ကို တိုးချဲ့လိုက်သည်နှင့် အရည်အသွေးပိုင်းတွင် ကျဆင်းလာနိုင်သည့် တူရူချက်များ ရှိနိုင်ပါသည်။ လန်ဒန်တက္ကသိုလ်မှ ကမကထလုပ်သော ဆာဗေးတစ်ခုအရ ဗြိတိသျှတက္ကသိုလ်များမှ မွေးထုတ်လိုက်သော ဘွဲ့ရများ၏ ပညာရည်မှ လွန်ခဲ့သည့်ဆယ်နှစ်တာကာအတွင်း သိသိသာသာကျဆင်းသွားသည်ဟု ဆိုပါသည်။
အရေအတွက် များများမွေးထုတ်နိုင်ရေးနှင့်အတူ ကျွဲကူးရေပါ ဖြစ်လာသည့် အခြားပြဿနာများလည်း ရှိသေးသည်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများ ပို၍ တင်းကျပ်လာခြင်း၊ ပညာသင် စရိတ်များ ကြီးမြင့်လာခြင်း၊ တက္ကသိုလ်များကိုယ်တိုင် ဘတ်ဂျက် အခတ်အခဲနှင့် ရင်ဆိုင်လာရခြင်း စသည်တို့ဖြစ်ပါသည်။ ပို၍ အရေးကြီးသည်မှာ တက္ကသိုလ်များ၏ မူလကိုယ်ရည်ကိုယ်သွေးများ မှုန်ဝါးလာသည့်ကိစ္စဟု ဆိုကြပါသည်။ ပြောရလျှင် တက္ကသိုလ်ပညာရေးမှာ ရေမှာကျောက်ချထားသလို အသေမဟုတ်ပါ။ အရှင်ဖြစ်ပါသည်။ အတိတ်မှ သင်ခန်းစာထုတ်ယူရေး သက်သက်မျှ မဟုတ်ပါ။ အနာဂတ်အတွက် ပြင်ဆင်တည်ဆောက်ရေး ဖြစ်ပါသည်။ ငါးပွတ်ရာ ငါးစာချသလို ပေါ်ပြူလာပညာရပ်များနှင့် ကျေနပ်နေ၍ မဖြစ်ပါ။ တီထွင်ဖန်တီးမှုကို စေ့ဆော်သော သုတေသနပညာရေး ဖြစ်ပါသည်။ ဤအနေအထားများနှင့် တစ်စစဝေးလာခြင်းမှာ တက္ကသိုလ်တစ်ခုအတွက် “အရင်းအမြစ်များ ခန်းခြောက်လာခြင်း” DRAINING OF RESOURCESဟု ဝေဖန်ကြပါသည်။
ဤနေရာတွင် အထက် ညွှန်းဆိုခဲ့သော ပါမောက္ခ အယ်လစ်ဆန်၏ စကားတစ်ခွန်းကို ပြန်လည်ရည်ညွှန်းလိုပါသည်။ “ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေဟာ ကျွန်တော်တို့လောက် မချောင်လည်တဲ့ အခြေအနေမှာတောင် ပညာရေးကို ယဉ်ကျေးမှုဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ၊ အတတ်ပညာဆိုင်ရာဆိုတဲ့ မျက်နှာစာပေါင်းစုံက စနစ်တကျ ဖန်တီးခဲ့ကြပါတယ်။ ဒီနေ့ ကျွန်တော်တို့ဟာ ဒီအစဉ်အလာကို လျစ်လျူရှုပြီး၊ ပညာရေးမှ ပညာရေးသက်သက် လုပ်နေရင် တာဝန်ကျေနိုင်ပါ့မလား???”သူ စိန်ခေါ်လိုက်သော မေးခွန်းကို အဖြေပေးနိုင်ဖို့ ကြိုးစားကြရာမှ “ပညာ”ဆိုသည်နှင့် ပတ်သက်၍ပင် ပြန်လည်ဆန်းစစ်ကြဖို့ ဖြစ်လာရတော့သည်
ပညာအစစ်သို့
“ပညာခေတ်၊ ပညာစီးပွားရေး၊ ပညာအလုပ်သမား”…..။
မျက်မှောက်ခေတ်တွင် “ပညာ”ဆိုသော ရှေ့ဆက်စကားမှာ အကျယ်လောင်ဆုံး မြည်ဟီးလျက် ရှိနေသည်။ ယခုတော့ ဤပညာသည်ပင် ပညာအစစ် ဟုတ်၊ မဟုတ် ပြန်လည်စိစစ်လာကြရသည်။
ယနေ့ အပြောများနေကြသော “ပညာ” KNOWLEDGEဆိုသည်မှာ ရလာသော informationများကို အသုံးတည့်ရေး ရှုထောင့်မှ အသွင်ပြောင်း ပုံဖော်ယူလိုက်သည့် အသိပညာ၊ သို့မဟုတ် အတတ်ပညာမျှသာ ဖြစ်ပါသည်။ လက်တွေ့ အသုံးပြုရေမျက်နှာစာ တစ်ခုတည်းမှ ချဉ်းကပ်ထားခြင်းဖြစ်ရာ လူ့အဖွဲ့အစည်းရှိ ပြဿနာအားလုံးကို ဖြေရှင်းနိုင်သည့် (၉၆)ပါးဆေး အဖြစ် မမျှောလင့်အပ်ဟု ဆိုသည်။ လတ်တလော အသုံးတည့်နိုင်သော်လည်း ရေရှည် အားကိုးအားထားပြုခြင်းမှ ပြုနိုင်ပါလိမ့်မည်။ သူ့တွင် “အဆုံးစွန်တန်ဖိုး” ABSOLUTEVAUEမရှိ။ “နှိုင်းရတန်ဖိုး” RELATIVEVALUEတန်ဖိုးသာ ရှိသည်။ ထို့ကြောင့် ပညာဆိုသည်ထက် “သညာ”ဟုသာ ဆိုသင့်သည်ဟု ထောက်ပြကြပါသည်။
ဤသို့ဆိုလျှင် “တကယ့်ပညာအစစ်” WISDOMမှာ ဘာဖြစ်မည်နည်း။ ဤပညာအစစ်သည် တစ်ပွဲထိုးကုထုံး မဖြစ်စေရ။ တစ်လောကလုံးသဘော ဆောင်နိုင်ရမည်။ {UNIVERSAL CONCEPT}။ ရေရှည်ခံသည့် တန်ဖိုးရှိရမည်။ {SUSTATINABLE VALUE}။ ကျင့်ဝတ်ပိုင်းအရ အစစ်ဆေးခံနိုင်ရမည် {MORALLY JUSTIFIED}။ ဘက်ပေါင်းစုမှ ချဉ်းကပ်နိုင်ရမည် {ALL ROUND DIMENSIONS}စသဖြင့် ညွှန်းဆိုလာကြပါသည်။
ဤဖွင့်ဆိုချက်များနှင့်အတူ လက်ရှိ “ပညာရေး” EDUCATION ကိုလည်း ဝေဖန်သုံးသပ်လာကြသည်။ လက်ရှိပညာရေးမှာ ပညာအစစ်ကို မဖန်တီးနိုင်၊ သညာအဆင့်မျှနှင့် တန့်နေသည်ဟု ဆိုပါသည်။ တကယ့်ပညာခေတ်စစ်စစ်ကို ဦးတည်နိုင်ဖို့ဆိုလျှင် ယနေ့ခေတ်ပညာရေးကိုပင် ပြန်လည်အဓိပ္ပါယ် ဖွင့်ရတော့မည်ဟု ဆိုပါကြောင်း။ Ref: {THE EDUCATION SHIBBOLETH}

No comments: