15 January 2008

ဘ၀လှေကား


လူ့တစ်သက်တာတွင် အရေးကြီးသည်နှင့်အမျှ မရေရာ မသေချာလှသောအရွယ်တစ်ခုရှိပါသည်။ထိုအရွယ်မှာ ဆယ်ကျော်သက်၊ အပျံသင်စ၊ မြီးကောင်ပေါက် စသဖြင့် အမျိုးမျိုးခေါ်ကြသော {Adolescence} အရွယ်ဖြစ်သည်။ ကလေးမဟုတ်တော့သလို လူကြီးလည်း မဖြစ်တတ်သေးသည့် အရွယ်ဖြစ်ရာသောင်မတင် ရေမကျစကောစကဟု ဆိုနိုင်သည်။ သစ်ရွက်လှုပ်လျှင် ရယ်ချင်ချင်ဟုဆိုကြသော နှလုံးသား လှုပ်ခတ်စ အရွယ်လည်းဖြစ်နေသည်။ လူတစ်ယောက်အနေနှင့်သော်လည်းကောင်း၊ မိသားစုတစ်ခု အတွက်သော်လည်းကောင်း၊ လူ့အဖွဲ့အစည်းတစ်ခုလုံးအနေနှင့်သော်လည်းကောင်း အထူးသတိထားစောင့်ကြပ်ရမည့် ကာလအပိုင်းအခြားဟု သဘောယူကြပါသည်။ ယေဘုယျအားဖြင့် အသက် ၁၂နှစ်မှာ ၁၈နှစ်အကြား အရွယ်ဟု သတ်မှတ်ကြသည်။ ယခု ဤသတ်မှတ်ချက်မှာ သိပ် ခေတ်မမီချင်တော့ပါ။
နိုင်ငံတကာ ပညာရှင်များ၏ ပူးပေါင်းသုတေသနအဖွဲ့ဟု ဆိုနိုင်သော The Study Group of Adolescence အဖွဲ့အစည်း၏ အလိုအရ အဆိုပါ သောင်မတင် ရေမကျအရွယ်မှာ ပို၍ရှည်လျားလာသည်ဟု ဆိုသည်။ ဤသို့ဖြစ်ရသည်မှာ အဓိကအကြောင်းနှစ်ခုကြောင့်ဟူ၍လည်း ထောက်ပြကြပါသည်။ ပထမအကြောင်းမှာ ကလေးသူငယ်ဘ၀ တိုတောင်းလာခြင်း သို့မဟုတ် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ “မတ်တတ်ပြေးအရွယ်” Toddlerသာသာလောက်ကပင် မူကြိုကျောင်းများသို့ ရောက်သွားကြရာ မိခင်ရင်ခွင်နှင့် စောစောစီးစီး ဝေးခဲ့ရသည်။ ဤအရွယ်နောက်ပိုင်းတွင်လည်းကွန်ပျူတာဖန်သားပြင်နှင့် မျက်နှာချင်းဆိုင်ချိန်က ပိုများနေရာ အပေါင်းအသင်းမဲ့၊ ကစားကွင်းပျောက်ကလေးတွေ “ရိုးရိုးလေး”တို့လို ဖြစ်နေတော့သည်။ သို့ဖြင့် ဘ၀၏ အချိုမြိန်ဆုံးဟု ဆိုနိုင်သော ကလေးသူငယ်ဘ၀မှာ ပျောက်ဆုံးသွားသလို ဖြစ်လာရသည်။

ဒုတိယအကြောင်းမှာ“အပီအပြင် လူရွယ်ဘ၀” Adulthoodသို့ တက်လှမ်းရသောလှေကားမှာ ပိုရှည်းလာသည်နှင့်အမျှ ပို၍ မတ်စောက်လာနေခြင်းဖြစ်သည်။ ဤသို့ဖြစ်ရသည်မှာ ပြိုင်ဆိုင်မှုများသည်းထန်၊ ပြင်းထန်လှသည့် information လူ့အဖွဲ့အစည်းတွင် စွမ်းအင်ပြည့်လှုပ်ရှားနိုင်မည့်အဖွဲ့ဝင်များ ဖြစ်လာရန် လိုအပ်ချက်များမှာ ပိုများလာသည်နှင့်အမျှ ပိုမြင့်လာသောကြောင့်ဟု ဆိုပါသည်။ မိသားစုအတွင်း အပြောင်းအလဲများ၊ လုပ်ငန်းခွင်မတည်ငြိမ်မှုများနှင့် Globalizationဖြစ်စဉ်ကိုယ်တိုင်သည်ပင် အခြေခံစေ့ဆော်မှုများ ဖြစ်ဖွယ်ရှိသည်ဟု ကောက်ချက်ချကြပါသည်။ သို့ဖြင့် အဆိုပါရှည်လျားမတ်စောက်သော ဘ၀လှေခါးကို speedနှင့်တက်နိုင်ရေးသည်ပင် ရိုးရိုးလေးတို့လို ဆယ်ကျော်သက်များအတွက် အရေးကြီးဆုံး စိန်ခေါ်ချက် ဖြစ်လာရပါတော့သည်။

Ref: The Future of Adolescence by Reed Larson

No comments: