15 January 2008

ကဗျာဥယျာဉ်လေး


>နေဆယ်စင်း လမင်းဆယ်ဆူ<
တစ်ခါတလေ
နေဆယ်စင်းလို ပူပြင်းတယ်ခင်…
တစ်ခါတစ်ခါ
ရင်မှာရွှင်ပျ လဆယ်ဆူနှယ်
ကြည်နူးတယ်ခင်…
မောင့်ရင်တွင်းမှာ
နေမင်းလမင်း ဆယ်စင်းပြိုင်တူ
ပူကြ သာကြ ခံစားရအောင်
လွမ်းရဆွေးရ ကြည်နူရအောင်
နှောင်တွယ်ကျွမ်းရစ် သောကဖြစ်သည်
အချစ်ဆိုတာ ဒါလားခင်….

>သူမေ့နိုင်ပါစေ<
တွယ်တာပြီးမှ
မေ့လို့ရမလား
မာနကိုတောင်
သူပျော်အောင်အပ်
အမြတ်နိုးဆုံး
နားလည်ဆုံးဟု
နှလုံးသားက
စကားစတွေ
သူသိစေရော့
မပြောတော့ချင်
သံယောဇဉ်တို့
အမျှင်မတန်း
မပင်ပန်းပဲ
ရွှင်လန်းချမ်းမြေ့
သူမေ့နိုင်ပါစေ…
သြော်…
အပူငွေ့ပြယ်ပါစေ…
လို့…။

>နှလုံးသား<
လက်နဲ့မရေး
အသက်နဲ့ရေးသတဲ့…
ဆေးနဲ့မခြယ်…
သွေးနဲ့ခြယ်သတဲ့..
ဘယ်တော့ဖြစ်ဖြစ်
ထာဝရသစ်လွင်
အချစ်မြင်လား
ပန်းချီကား
နှလုံးသားရဲ့နံရံမှာ…။

>၁+၂=၁<
နှစ်လွှာပေါင်းယှက် စွယ်တော်ရွက်လို
လမင်းနံဘေး ကြယ်စင်လေးလို
ရေပြင်ပေါ်တင့် ရွှေကြာပွင့်လို
သခင့်အဖော် ၀င့်မော်ပျော်ပါး
နှလုံးသားနှင့်
တွဲထားမယ်လေ ဘယ်ကိုစေမလဲ
နွေထဲဖြစ်ဖြစ် မိုးထဲဖြစ်ဖြစ်ပေါ့
ဆောင်းသစ်မနက်ဖြန် တစ်သက်ပန်ရည်စူး
အချစ်ဦးလေး ရင်ခွင်နွေးကြောင့်
အိပ်မက်ကလေးတွေပိုလှတယ်

>မေ့မှာစိုး<
တိမ်နှင့်လိုက်၍ တိမ်တိုက်ကြားမှာ
ပျော်ဖူးပါရဲ့ သူနဲ့အတူ။
လရောင်ဒန်းစီး တေးချင်းညည်းဆို
ခရီးတစ်ထောက် လျှောက်ဖူးပါရဲ့
သူနဲ့အတူ။
တွယ်မက်ဆွတ်ပျံ့ ပန်ရနံ့ထဲ
တွဲဖက်ကြည်နူး နေပျော်ဖူးရဲ့
သူနဲ့အတူ။
နိုးနေသည်ဟု
မှောင်ရီညနက် အိပ်မက်မက်ဆဲ
အိပ်မက်ပဲကွယ်၊ တကယ်ဆိုက
အိပ်မောကျသူ
ဘ၀မနက် နေအထွက်မှာ
ခွဲခွာချန်ရက် ထားခဲ့ရက်မည်
သိလျက်မေ့မှာ စိုးပါသည်။

>မြန်နိုးမိခြင်း<
နှောင်ရစ်တင်းသည့်
ချင်ခြင်းအစ
သမုဒယအပူ
သူမှသူဆိုတဲ့ အစွဲ
ရင်ထဲမြှေကျွမ်း
ကိုယ်ပဲလွမ်းမယ်…
တမ်းတမြိုက်ဆူ
ကိုယ်ပဲယူမယ်…
သူ…မသိစေ
ရှိပါစေတော့
ကြာလေလေ ဝေး
ဝေးလေလေ မေ့
မေ့လေလေ ပျောက်
အိပ်မက်လောက်သာ
ထင်ပါစေကွယ်…။


>အသည်းလေး<
ပွင့်လျှင်လည်းနမ်း
နွမ်းလျှင်လည်းကောက်
ခြောက်လျှင်လည်းသိမ်း
တိမ်းညွတ်တွယ်မက်
သည်တသက်မှာ
စွဲလန်းနေမည်
ဝေေ၀ကြွေကြွေ မြတ်နိုးနေမည်…။


No comments: