27 January 2008

၂၀၀၈ အမေ့ရဲ့ အမေ့စကား


အမေ့အင်္ကျီက ချွေးနံ့ကလေးတွေက အကျော်ကြားဆုံးဆိုတဲ့ ရေမွှေးတွေထက် သင်းပျံ့ပါတယ်။ သူများချစ်တယ်ဆိုတာ အမေမုန်းသလောက်ပဲ ရှိပါတယ်။ ငယ်စဉ်ကလေးဘ၀ အမေ့ရင်ကို ခြေနဲ့ကန်ခဲ့စဉ်က အမေကတော့ ပြုံးပြုံးကလေးနဲ့ ချစ်မြဲချစ်ခဲ့တာပါ။ ကြီးလာတဲ့အခါ အမေက စေတနာနဲ့ မာန်မဲတာကို ကိုယ်ကမဲ့ရွဲ့ပြီး အပြုံးမစွက် အမုန်းဖက်လိုက်ရင် မိုက်မဲရာကျမှာပေါ့။ အမေ့ကို စိတ်ချမ်းသာအောင်ပြုစုခြင်းဟာ ရှိခိုးတာထက် ပိုပြီးမြတ်ပါတယ်။
ကိုယ့်သားသမီးတွေ လိမ္မာယဉ်ကျေးတာ ချမ်းသာကြွယ်ဝတာ ပညာတတ်ပြီး အပေါင်းအသင်း ၀င်ဆံ့တာမြင်ရပြန်တော့ မနာလိုမရှုစိတ်မရှိဘဲ ပီတိတွေဖြစ်ပြီးနေတာ အမေရယ်ပါ။ အမေရဲ့ သားသမီးတွေ အပေါ်မှာ ထားတဲ့ မေတ္တာ စေတနာ အချစ်တွေဟာ ခြယ်မှုန်းမပြတတ်အောင် ဆန်းကြယ်ပါတယ်။ ဒါ့ကြောင့် အမေဟာ ဘယ်သူနဲ့မှမတူအောင် ချစ်ဖို့ အလွန်ကောင်းတာပါ။ အမေ့ကို မချစ်တတ်သူတွေဟာ ဘယ်သူ့ကိုမှ ချစ်တတ်မှာ မဟုတ်ပါဘူး။
အမေ့လို ချစ်တတ်တဲ့သူ ရှာလို့တွေ့ချင်တွေ့မယ် အတူတော့ မဖြစ်နိုင်ပါဘူး။ အတုပဲဖြစ်မယ်။ အမေ့ကို ငွေနဲ့ပေးပြီး ၀ယ်ထားရတာ မဟုတ်ပါဘူး။ ဒါပေမယ့် ငွေနဲ့ပေးပြီး ၀ယ်လို့ရတဲ့ အရာရာတိုင်းဟာ တန်ဖိုးဖြတ်နိုင်ပေမယ့် အမေ့ကိုတော့ ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရပါဘူး။
တစ်နေ့နေ့ ဒီအမေနဲ့ ဒီသားသမီးတွေ ပြန်မလာတော့တဲ့လမ်းကနေ လက်ပြနှုတ်ဆက် အပြီးအပိုင်လမ်းခွဲကြရမှာပါ။ အဲဒီအခါကျမှ အမေမာန်မဲဆုံးမခဲ့တဲ့ ဆည်းလည်းသံချိုချိုလေးတွေက နားထဲမှာ ပဲ့တင်ထပ်ပြီးဆိုမှ မျက်ရည်စတွေနဲ့ နောင်တမရကြစေဖို့ အမေအသက်ရှင်စဉ်မှာ အမေစိတ်ချမ်းသာအောင် ပြုစုကြပါစို့..

No comments: